ကွန်ကရိဆိုတာ ဘာလဲ။
အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရသော်
ကွန်ကရိဆိုသည်မှာ ရောစာများ (aggregates)နှင့် အနှစ် (paste) တို့၏ အရောအနှောပင်ဖြစ်သည်။
ဘိလပ်မြေအနှစ် (paste) ဆိုသည်မှာ
ပို့တလန်ဘိလပ်မြေ (Portland cement) နှင့် ရေတို့ဖြင့်ပေါင်းစပ်ဖွဲ့စည်းထားပြီး
ရောစာနုနှင့် ရောစာကြမ်းတို့၏ မျက်နှာပြင်များကို လူးကပ်ဖုံးလွှမ်းထားသော အရာဖြစ်သည်။
"ဟိုက်ဒရေးရှင်း "(Hydration) ဟုခေါ်သော
ရေပေါင်းဓာတုဓာတ်ပြုမှု ဖြစ်စဉ်
အစအဆုံးတစ်လျှောက်တွင်
ဘိလပ်မြေအနှစ် (paste)သည် မာလာပြီး
ကျောက်သားကျောက်စိုင်နှင့်တူသည့် "ကွန်ကရိ"ဟု အမည်ခေါ်တွင်သော ဝတ္ထုပစ္စည်းဖြစ်ပေါ်လာရန် ကြံ့ခိုင်မှုအင်အားကို ရရှိလာသည်။
အဆိုပါဖြစ်စဉ်အတောအတွင်း
ကွန်ကရိ၏ သရုပ်သဏ္ဌာန်
စရိုက်လက္ခဏာနှင့်ပတ်သက်၍
ထူးခြားချက် တစ်ခုရှိလေသည်။
၎င်းထူးခြားချက်မှာ ကွန်ကရိသည်ဖျော်စပ်ပြီးခါစ လတ်လတ်ဆတ်ဆတ်တွင် အလွယ်တကူပုံသွင်း၍ ယူနိုင်လောက်အောင် ပျော့ပျောင်းမှုရှိနေပြီး
မာလာသောအခါတွင်မူ ခိုင်မာတောင့်တင်းကာ တာရှည်ခံလာခြင်းပင်ဖြစ်သည်။
ဤအရည်အသွေးများသည်
ကွန်ကရိဟုခေါ်သော ဝတ္ထုပစ္စည်းတစ်မျိုးမှ
မိုးမျှော်တိုက်များ (skyscrapers)၊ တံတားများ၊ လူသွားစင်္ကြန်များ (sidewalks)၊ အိမ်များ နှင့်
ဆည်မြောင်းတာတမံများ (dams)ကို
အဘယ့်ကြောင့်တည်ဆောက်နိုင်ရသည်ကို
ရှင်းပြနေပေသည်။
ခိုင်မာတောင့်တင်း၍တာရှည်ခံသော
ကွန်ကရိကို ရရှိရန် သော့ချက်မှာ
ပါဝင်ပစ္စည်းများ၏ အချိုးအစားနှင့်
ရောနှောဖျော်စပ်မှုတို့အား ဂရုစိုက်မှုအပေါ်တွင်
တည်နေမှီနေပေသည်။
ကွန်ကရိ အရောအနှောတွင် ရောစာများ
အကြားရှိ လေဟာနယ်၊ လေခိုခွက်များအားလုံးကို ဖြည့်ရန် လုံလောက်သော ဘိလပ်မြေအနှစ်မရှိပါက သွန်းလောင်းရန်ခက်ခဲလိမ့်မည်ဖြစ်သလို၊
ထို့နောက်တွင်လည်း ဂလိုင် အခေါင်းများနှင့်ပြည့်နေသော ပျားသလက်ပုံသဏ္ဌာန် မျက်နှာပြင်များ (honeycomb surfaces) နှင့် စိမ့်ပေါက်
ပွပေါက်များနှင့် ပြည့်နေသော
ကွန်ကရိသား (porous concrete) ကြမ်းကြမ်းကိုသာ ထုတ်လုပ်နိုင်လိမ့်မည်ဖြစ်သည်။
အရောအနှောဖျော်စပ်မှုတွင် ဘိလပ်မြေအနှစ်များ (cement paste) ပေါကြွယ်စွာ ပါဝင်နေပါက
သွန်းလောင်းရ လွယ်ကူလိမ့်မည်ဖြစ်ကာ ချောမွေ့သော မျက်နှာပြင်ကို ထုတ်လုပ်နိုင်လိမ့်မည်ဖြစ်သည်။
သို့ရာတွင် ရရှိလာသောကွန်ကရိသားသည် ပို၍ကြုံ့ဝင်နိုင်မှုများနိုင်ပြီး စီးပွားရေးအရ
တွက်ချေမကိုက်ပြန်ပေ။
အရောအနှော အစပ်အဟပ်ကို သင့်တော်စွာ
ဒီဇိုင်းပြု၍ဖျော်စပ်ထားခြင်းဖြင့် စိတ်ကျေနပ်စရာကောင်းသော လုပ်ရကိုင်ရကောင်းမွန်မှုရှိသော
လတ်ဆတ်သော ကွန်ကရိကို ရရှိလိမ့်မည်ဖြစ်သည်။
ထို့အပြင် ထိုကဲ့သို့ဖျော်စပ်ထားပါက
ကွန်ကရိမာကြောပြီးသောအခါ လိုအပ်သော
တာရှည်ခံမှုများ၊ ခံနိုင်ရည်စွမ်းအားများကိုလည်း ရရှိလာလိမ့်မည်ဖြစ်သည်။
ထုံးစံအားဖြင့် ဖျော်စပ်မှုတစ်ခုတွင်
ဘိလပ်မြေ (၁၀) မှ (၁၅) ရာခိုင်နှုန်းခန့်၊
ရောစာ (၆၀) မှ (၇၅) ရာခိုင်နှုန်းခန့်နှင့်
ရေ (၁၅) မှ (၂၀) ရာခိုင်နှုန်းခန့် ပါဝင်လေသည်။
ကွန်ကရိဖျော်စပ်မှုအများစုတွင် လေပါဝင်မှုမှာ
(၅) မှ (၈) ရာခိုင်နှုန်းခန့်အထိ ရှိကောင်းရှိနိုင်ပေသည်။
REFERENCE : Basic Construction Training Manual for Trainers_Heini Müller
PHOTO : INTERNET
ကျော်ဇင်ဟိန်း
No comments:
Post a Comment